မိုးလင်းပြီဆို အလုပ်သွားပြီ ဒါကလည်း လူကြားကောင်းရုံပါ။ အလုပ်မှာက အင်တနက်ရတယ်လေ၊ အဲဒီတော့ ချမ်းချမ်းတို့စိတ်ကြိုက်ပေါ့၊ စိတ်ကြိုက်ဆိုလို့ အင်တာနက်ပေါ်မှာ စာအုပ်တွေ ဖက်၊ လေ့လာစရာရှိတာတွေ ကိုယ်တိုင်လေ့လာ နေတယ်လို့ မထင်ပါနဲ့။ GTalk လေးဝင်လိုက်၊ blog လေးလုပ် လိုက်နဲ့လေ။ အဲ အတန်းတက်ချိန်ရောက်ရင် တော့ အပြေးအလွှား အတန်းသွားတက်တာပေါ့၊ ဒါလဲ အထင်ကြီး စရာ မရှိပါဘူး။ ဆရာသင်သမျှ လိုက်မှတ်၊ ဆရာမေးရင် သိသလိုလို မသိသလိုလိုနဲ့ လျှောက်ဖြေလိုက်၊ အတန်း ပြီးရင်ရော အရေးပါတာဘာလုပ်လဲလို့မေးကြည့်၊ ကျွန်မချမ်းချမ်း သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ပါ တယ်။ အဲဒီလိုပါပဲ ကျွန်မအလေလိုက်ပြီး ကလေကချေ လုပ်နေတာ၊ အရေးမပါတဲ့ဟာတွေကို အရာပေးပါများနေ ပြီ။
စိတ်ရှုပ်တာပါလို့ ခေါင်းစဉ်တပ်ပြီး လုပ်ချင်တာတွေကို ဆင်ခြေတရားကင်းမဲ့စွာ လုပ်နေတဲ့ရက်တွေလည်း မနည်းတော့ဘူး။ စိတ်ရှုပ်လို့ လုပ်ချင်ရာ လုပ်နေတယ်။ လုပ်လိုက်လို့ ပိုစိတ်ရှုပ်ရ တယ်။ အဲဒါနဲ့ပဲ ဒီသံသရာထဲ ကျွန်မလည်နေတယ်။
70-300 ဖြေရမယ်။ BCIS စာမေးပွဲက ဇွန်၁ရက်နေ့ အဲဒီအတွက်စာတွေလဲမရသေးဘူး၊ ကျွန်မအခုတစ်လော အလေတော်တော်လိုက်နေပါတယ်။ လုပ်လက်စ Project ကလည်း မပြီးဆုံးနိုင်သေးဘူး။ ဒီကြားထဲ ဒီဇင်ဘာမှာ တင်ရမယ့် Project အတွက် Proposal တင်ရတော့မယ်။ ဟင်ကြည့်စမ်း ဒီလောက်များတဲ့ အလုပ်တွေ ရှိနေတာ တောင် အလေလိုက်ဖို့ အချိန်တွေ ကျွန်မမှာတော်တော်ပေါနေတယ်။ သေချာတယ်၊ ဒီအတိုင်းသာဆက်သွားရင် Doggy ဖြစ်တော့မယ်။ ဒါတောင် ကိုယ့်အသိစိတ်နဲ့ကိုယ် သုံးသပ် မိတယ် မထင်ပါနဲ့။ BCIS က သူငယ်ချင်းက ဖုန်းလှန်းဆက်ပြီး၊ ချမ်းချမ်းရေ Proposal ကဘယ်လို၊ စာမေးပွဲက ဘယ်တော့ဆိုပြီး ပြောခါမှ ကျွန်မ အပေအတေ ဖြစ်နေမှန်း သုံးသပ်မိတာပါ။
အဲဒါကြောင့် ကျွန်မတောင်းပန်ချင်တာ Post အသစ်တွေ ခဏ ခဏ တင်နိုင်တော့မယ် မထင်ပါဘူး။ လာလည် ကြတဲ့ သူငယ်ချင်းတွေကို ဂရုမစိုက်သလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ Blog ရိုးကိုးပေါက်လည်း သွားနိုင် တော့မယ် မထင်ပါဘူး။ ဇွန်စာမေးပွဲ ပြီးသွားရင်တော့ ကျွန်မ blog ကိုပြန်ဂရုစိုက်မှာမို့ လစ်ဟင်းသွားခဲ့တာလေး များ ရှိရင်တောင်းပန်ပါတယ် လို့....
chanchan <3
Wednesday, March 19, 2008
အပေအတေ ကလေကချေနေ့များ မှ ရုန်းထွက်ခြင်း
Posted by Claire Chan Myae Thu at 1:34 AM 3 comments
Labels: ကျွန်မနှင့်သက်ဆိုင်သော
Saturday, March 15, 2008
အိပ်မက်များ၏စေလိုရာ အပိုင်း(၁)
မျက်လုံးတွေဖျက်ခနဲပွင့်လာတယ်။ အိမ်မက်ကြောင့် လန့်နိုးလာတာလားလို့ ကိုယ့်ဘာသာကို ပြန်မေး ကြည့်တယ်။ ဘာတွေမက်လိုက်မှန်းတောင်မသိလိုက်ပါဘူး။ ဒါပေမယ့် ကိုယ့်ရင်ခုန်သံ ကိုပြန်ကြားနေရတုန်းပဲ.နာရီ၁ချက်ထိုးသံကြား လိုက်ရတယ်။ ကြားနေကျ ဆိုပေမယ့် ဒီညအတွက်တော့ အရမ်း ခြောက်ခြား နေသလိုပဲ။ ၁၊ ၂၊ ၃၊ ၄ ရေတွက်ရင်း အိပ်လို့ရအောင် ကြိုးစားလိုက်တယ်။ သွားပြီပြန်အိပ်လို့ မရ တော့ဘူး။ ညနေစာလည်း မစားထားတော့ ဗိုက်ထဲမှာဟာနေသလိုပဲ။ စားချင်စိတ်ကတော့ မရှိဘူး။ ရေတစ်ခွက် ထသောက် လိုက်တယ်။ မျက်လုံးတွေအိမ်အပြင်ဘက် လသာဆောင်ကို ရောက်သွားတယ်။ ကြည့်စမ်းလသာနေ တာပဲ။ ငယ်ငယ်လေးကတည်းက လသာတာကို ကျွန်မအရမ်း နှစ်သက်မိတယ်။ လမင်းကြီးရဲ့အလင်းရောင် ကြောင့် ညဘက်မှာ မြင်နေရတဲ့ အရာတွေကို ကြည့်ရတာ။ ကျွန်မစိတ်ထဲ ဘာကိုကြည်နူးမှန်းမသိ ကြည်နူးမိ တယ်။ လသာရင်ကြည်နူးတက်တဲ့ စိတ်တွေကြောင့် ကျွန်မ ခြေလှမ်းတွေ လသာဆောင်ဘက်ဦးတည်သွားတယ်။
လန့်နိုးလာ ကတည်းက ဘာကိုကြောက်မှန်းမသိကျွန်မကြောက်လန့်နေတာ ခု ချိန်ထိပဲ။ လှန်းထားတဲ့ အ၀တ်တွေကိုကြည့်လိုက်တော့လည်း တစ်စုံတစ်ယောက်က လက်ယက်လှန်းခေါ် နေသ လိုပဲ။ အဆင်မပြေ ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကိစ္စပေါင်းများစွာ ကျွန်မအတွေးထဲ ရောက်လာတဲ့အခါ ကျွန်မ ခေါင်းတွေ အရမ်းရှုပ်လာတယ်။ အဲလောက်ထိ စိတ်ရှုပ်မှုကို ကျွန်မခံနိုင်ရေ မရှိတော့ဘူး။ ကျွန်မလုပ်သမျှ အရာ အားလုံးဟာ အလွှဲလွှဲအချော်ချော် ဖြစ်နေခဲ့တယ်။ ရှုပ်နေတဲ့ စိတ်တွေကိုသေချာရှင်းအောင် ပြန်သုံးသပ် ကြည့် လိုက်တော့၊အော်..ငါဟာငါ့အိပ်မက်တွေကို သစ္စာဖောက်မိနေပြီဆိုတဲ့အဖြေ ကိုရခဲ့တဲ့။ ဒီအိပ်မက်တွေကြောင့်ပဲ ကျွန်မရှင်သန်နေပြီးခုလည်းကျွန်မကိုယ်တိုင် ဒီအိပ်မက်တွေကို သတ်မိနေပြီ။ ဟင့်အင်းကျွန်မအတွက် ကျွန်မ အိပ်မက်တွေကသာ အရေးကြီးဆုံးပါ။ ဘာမှသုံးစားလို့မရတဲ့ ဒီနှလုံးသား တစ်စုံကြောင့် ကျွန်မအိပ်မက်တွေကို ကျွန်မသစ္စာ မဖောက်ချင်ဘူး။ ဒါဆို သူ့ကိုရော ကျွန်မဆုံးရှုံးခံနိုင်ရဲ့လား။ ဟင့်အင်း ကျွန်မဆုံးရှုံးနိုင်မှာမဟုတ်ဘူး။ ဟင် ဒါဆိုကျွန်မအိပ်မက်တွေကိုရော။ ဟာဘာတွေလည်းသူနဲ့အိပ်မက် အိပ်မက်နဲ့သူ။ ကျွန်မစိတ်ရှုပ်လာပြီ။ သေချာတာကတော့ ကျွန်မအတ္တတွေကြောင့် သူနဲ့ကျွန်မ ဝေးရတော့မယ်။
ကျွန်မလိုအပ်တဲ့အချိန်တိုင်း ကျွန်မဘေးမှာ သူငယ်ချင်းတစ်ယောက်လို မားမားမတ်မတ်ရပ်တည်ခဲ့တဲ့သူ။ ကျွန်မ အထီးကျန်ချိန်တိုင်း ကျွန်မအတွက်အမြဲတမ်း ရှိနေခဲ့တဲ့သူ။ ကျွန်မ ကသာသူလိုအပ်ချိန်တွေမှာတောင် သူ့အနား ရှိမနေခဲ့တဲ့သူ။ ဂရုစိုက်မှုဆိုတာ သူသာကျွန်မ ကိုပေးခဲ့တဲ့အရာဖြစ်ပြီး။ ကျွန်မဘက်က လုံးဝမပေးနိုင် ခဲ့တဲ့အရာ ပါ။ ခုလည်း ကျွန်မအတ္တတွေကို ရှေ့တန်းတင်ပြီး သူနဲ့ဝေးရဖို့ကို ကြံစည် နေပြန်ပြီ။
နာရီကိုကြည့်လိုက်တော့ ၄နာရီ ထိုးခံနီးနေပြီ။ မနက်အလုပ်သွားရဦးမယ်လေ။ နေ့သစ်တစ်ခုကို ဇြတ်သန်းနိုင်ဖို့ ကျွန်မအိပ်စက်အနား ယူရတော့မယ်။ အိပ်ရေးပျက်တာ၊ စိတ်တွေရှုပ်တာတာပဲ အဖတ်တင်သွားတယ်။ တိကျတဲ့ ဆုံးဖြတ်ချက် တစ်ခုမချမှတ်နိုင်ခဲ့ဘူး။ ခုလည်းမနက်အလုပ်ရှိလို့အိပ်ရတော့မယ်။ သူ့အကြောင်း စဉ်းစားရင် တောင် အချိန်တွေကန့်သတ်ထားသလို ကြာကြာတောင် စဉ်းစားပိုင်ခွင့် မရှိတဲ့ ကျွန်မ။ မျက်စိတွေမှိတ်လိုက် တော့တယ်။ အိပ်လို့မရလည်းအိပ်ရတော့မှာပဲ။ သူ့မျက်လုံးတွေကို မြင်လာတယ်။ ကျွန်မအတ္တတွေကြောင့် ကျွန်မဆုံးဖြတ် ချက်ချမိရင် သူနဲ့ကျွန်မဝေးရတော့မယ်။ သူနဲ့မဝေးနိုင်ရင်လည်း ကျွန်မအိပ်မက်တွေကို ကျွန်မ သတ်မိသလို ဖြစ်တော့မယ်။ တိကျတဲ့ အဖြေတစ်ခုရမှာလည်း မဟုတ်တော့ အိပ်လိုက်ပါတော့မယ်။
မနက်ဖြန် ထုံးစံအတိုင်း ချစ်လားလို့သူမေးလာရင်လည်း မချစ်ဘူးလို့လည်း မငြင်းရက် ချစ်တယ်လို့လည်း ၀င်မခံ ရဲတော့ ထုံးစံအတိုင်း ကျွန်မဘက်ကလည်း ပြန်ဖြေရတော့မယ် ‘‘လဲသေလိုက်’’ လို့......
ချမ်းချမ်း
Posted by Claire Chan Myae Thu at 4:38 AM 6 comments
Labels: ကျွန်မနှင့်သက်ဆိုင်သော
